သွေးကျဆေးမသောက်ဘဲ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းလို့ရလား
တစ်သက်လုံး ဆေးတွေစွဲသောက်ရမယ် ဆိုရင် ဘယ်သူမှ သောက်ချင်မှာမဟုတ်ဘူးနော်။ မသောက်ချင်ပေမယ့် သွေးတိုးလို နာတာရှည်ရောဂါ ရှိနေပြီဆိုရင်တော့ သွေးကျဆေးတွေနဲ့ နှစ်ပါးသွားရတာပဲ မဟုတ်လား။ သွေးကျဆေးမသောက်ရင် လေဖြတ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံးအမောဖောက်တာလို နောက်ဆက်တွဲဆိုးကျိုးတွေ ရနိုင်တယ်လေ။
ဒါဆို သွေးကျဆေးမသောက်ဘဲ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင်ရော ထိန်းလို့ရလား?
လူတိုင်း မဟုတ်ပေမယ့် တချို့သူတွေမှာတော့ ထိန်းလို့ရပါတယ်။ လေဖြတ်ဖူးတဲ့သူတွေ၊ နှလုံးထိခိုက်ဖူးတဲ့သူတွေကတော့ သွေးကျဆေးပမာဏ လျှော့လို့ရပေမယ့် မသောက်ဘဲနေလို့တော့ မရပါဘူး။
ဘယ်လိုလုပ်ရင် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းလို့ရလဲ?
(1) ကိုယ်အလေးချိန် ချပါ
ဝတဲ့သူတွေဟာ သွေးတိုးနိုင်ခြေ ပိုများတာမို့ ကိုယ်အလေးချိန်ချဖို့က အရေးကြီးတဲ့အရာပါ။ အဝလွန်သူတွေမှာ ကိုယ်အလေးချိန် 1 kg (2.2 pound) ချလိုက်တိုင်း သွေးပေါင်ချိန် 1 mmHg ကျနိုင်ပါတယ်။ အထူးသဖြင့် ခါးပါတ်လည်မှာ အဆီတွေစုနေရင် မကောင်းပါဘူး။ ခါးရဲ့ အတိုင်းအတာဟာ အမျိုးသားတွေမှာ လက်မ ၄၀၊ အမျိုးသမီးတွေမှာ ၃၅ လက်မထက်ကျော်နေရင် သေချာပေါက် ဝိတ်ချသင့်ပါတယ်။
(2) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် သွေးပေါင်ချိန်ကို 5 mmHg ကနေ 8 mmHg အထိ ကျစေနိုင်ပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေလည်း လုပ်လို့ရပါတယ်။
(3) အရက်လျှော့သောက်ပါ
အရက်ကို အလွန်အကျွံသောက်တာက သွေးဖိအားကို များစေတာမို့ မဖြတ်နိုင်ရင်တောင် လျှော့သောက်ပါ။ အမျိုးသားတွေက 2 drinks နဲ့ အမျိုးသမီးတွေက 1 drink ထက် ပိုမသောက်သင့်ပါဘူး။ (1 drink ဟာ ဘီယာဆိုရင် ၁၂ အောင်စ၊ ဝိုင်ဆိုရင် ၅ အောင်စနဲ့ အရက် ၁.၅ အောင်စနဲ့ ညီမျှပါတယ်)။
(4) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က သွေးကြောတွေကို ကျဥ်းစေတဲ့သတ္တိရှိတဲ့အတွက် သွေးဖိအားလည်း များစေပါတယ်။ ဆေးလိပ်ဖြတ်တာက သွေးတိုးရောဂါကို ထိန်းနိုင်မယ့်အပြင် အဆုတ်ကင်ဆာအပါအဝင် ကင်ဆာတော်တော်များများ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။
(5) ကျန်းမာရေးနဲ့ညီအောင် စားပါ၊ ဆားလျှော့စားပါ
သွေးတိုးဆိုတာနဲ့ ဆားနဲ့အငန်ကို ရှောင်ရမယ်ဆိုတာ သိကြပြီးသားပါ။ အငန်အပြင် အဆီအစိမ့်တွေ၊ အချိုတွေလည်း ရှောင်ရပါမယ်။ ပြုပြင်ထားတဲ့ ရယ်ဒီမိတ်အစားအစာတွေ ရှောင်ပြီး လတ်ဆတ်တဲ့ အသား၊ ငါး၊ အသီးအရွက်တွေ များများစားပါ။
(6) အိပ်ရေးဝအောင် အိပ်ပါ
အိပ်ရေးပျက်တာ ကြာရှည်လာတဲ့အခါ (တစ်ညကို ၆ နာရီအောက်ပဲ အိပ်ရင်) သွေးတိုးတာကို ထိန်းနိုင်မှာမဟုတ်ပါဘူး။ တစ်ညကို ၇-၈ နာရီခန့် အိပ်နိုင်ဖို့ ညနေဘက် လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းမှ ရှောင်တာ၊ အိပ်ပျော်စေမယ့် တီးလုံးလေးတွေ နားထောင်တာ၊ တရားထိုင်တာမျိုး လုပ်ပါ။
(7) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှု များလာတာနဲ့အမျှ cortisol ဟော်မုန်းတွေ ထွက်လာပြီး သွေးဖိအားကို တက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေနည်းအောင် နေတာကလည်း သွေးတိုးကို ထိန်းနိုင်မယ့် နည်းလမ်းတစ်ခုပါ။
(8) သွေးပေါင်မှန်မှန် ချိန်ပါ
သွေးကျဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ သွေးတိုးဖူးတဲ့သူဟာ သွေးပေါင်မှန်မှန်ချိန်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွေးတိုးကို ထိန်းနိုင်သလား၊ မထိန်းနိုင်ဘူးလား၊ ဆေးအတိုးအလျှော့ လုပ်သင့်သလားဆိုတာကို သိနိုင်မှာပါ။
(9) မိသားစု၊ မိတ်ဆွေတွေရဲ့ အကူအညီရယူပါ
မိသားစု၊ မိတ်ဆွေတွေနဲ့ နားလည်ကူညီမှုကလည်း အရေးကြီးပါတယ်။ ကိုယ့်ကို နားလည်ပြီး ဟင်းချက်ရင် ဆားလျှော့ထည့်ပေးတာ၊ စိတ်ဖိစီးမှု မဖြစ်ရအောင် ကူညီပေးတာမျိုးက သွေးတိုးကျစေဖို့ အထောက်အပံ့ကောင်းပါပဲ။
သွေးပေါင်ချိန် အမြင့်ကြီးမတက်ဖူးတဲ့သူတွေ (ဥပမာ… 180/110 mmHg နဲ့အထက်) နဲ့ လေဖြတ်တာ၊ နှလုံးထိခိုက်တာမျိုး မဖြစ်ဖူးတဲ့သူတွေမှာ ဒီအချက်တွေကို ဂရုတစိုက်အမြဲ လိုက်နာရင် သွေးကျဆေးမလိုဘဲ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းနိုင်ပါလိမ့်မယ်။ သွေးကျဆေးသောက်ရရင်တောင် ပမာဏအများကြီး လိုမှာမဟုတ်ပါဘူး။ အရေးကြီးတာက သွေးပေါင်မှန်မှန်ချိန်ဖို့နဲ့ အထက်ကပြောခဲ့တဲ့ အချက်တွေကို တစ်သက်လုံး လိုက်နာနိုင်ဖို့ပဲ လိုတာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင်တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်